Thursday, January 19, 2017

လွှတ်တော်ကိုယ်စားလှယ်၂၃ ဦး၏ တင်သွင်းလွှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ပလပ်

ကိုသာဗျော၊ နေပြည်တော်၊ ဇန်န၀ါရီ-၁၉
          ကရင်ပြည်နယ် မဲဆန္ဒနယ်(၅ )ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်အပါအ၀င် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦး          တင်သွင်း သော အခြေခံဥပဒေ ခုံရုံးအဖွဲ့ဝင်များ၏ အရည်အချင်း သတ်မှတ်ချက်နှင့် ပတ်သက်သည့် တင်သွင်းလွှာအား ဇန်န၀ါရီ ၁၉ ရက် နံနက်က နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးတွင် ကြားနာပြီး ယင်းတင်ပြလွှာအား ပလပ်လိုက်သည်။
ဥပဒေပညာရှင်အဖြစ် ဂုဏ်သတင်းကျော်စောသူအား သမ္မတမှ အသိအမှတ်ပြုသူဆိုသည့် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် နှင့်ပတ်သက်၍ အငြင်းပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်၏ အခွင့်ရပုဂ္ဂိုလ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောဆိုသည်။
           "ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံတော်သမ္မတက အရည်အချင်းနဲ့ ပြည့်စုံတယ်လို့ မှတ်ယူတဲ့သူဟာ နိုင်ငံတော်သမ္မတက ရွေးတဲ့သုံးယောက်နဲ့ပဲ မှတ်ယူပါတယ်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုခိုင်းတာ။ တကယ်တမ်း ဥပဒေတွေကို ပြန်ပြီး လေ့လာစိစစ်တဲ့ အခါ ကျတော့ အခုအမိန့် မိတ္တူမှာ အသေးစိတ်ပါတဲ့ အတိုင်းပဲ။ တကယ်တမ်း ဒါက အဓိပ္ပာယ် ဖွင့်ဆိုရမယ့် ကိစ္စမဟုတ်ဘူး။ 
မူလဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်နဲ့ ခုံရုံးဆိုင်ရာ ဥပဒေပုဒ်မ-၄ နဲ့ ကွဲလွဲချက်ပဲ ဖြစ်တယ်"ဟု တင်သွင်းခံရသူ၏ အခွင့်ရကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က မီဒီယာများသို့ ပြောကြားသည်။

           တင်သွင်းလွှာတွင် နိုင်ငံတော် သမ္မတ၏ အခွင့်အရေးအပေါ် ချုပ်နှောင်သကဲ့ သို့ ဖြစ်နေသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ရာ ရောက်နေသောကြောင့် နှစ်ဖက် လျှောက်လဲချက်များအား ကြားနာကာ အဆိုပါတင်ပြလွှာအား ပလပ်လိုက်ခြင်း ဖြစ်ကြောင်း ဦးအောင်ကြည်ညွန့်က ဆက်လက်ပြောဆိုသည်။
           "ဒီနေ့ ဆုံးဖြတ်ချက်က နှစ်ဖက်လျှောက်လဲချက်တွေအပေါ်မှာ မူတည်ပြီး နှိုင်းယှဉ်ပြီးတော့ အခုဆုံးဖြတ်ချက်ချတာလေ။ တစ်ဖက်က တင်ပြတာက နိုင်ငံတော် သမ္မတက ဥပဒေပညာရှင်အဖြစ် မှတ်ယူဆိုတာ သမ္မတကတင်တဲ့ သုံးယောက်နဲ့ပဲ အကျုံးဝင်တယ်ဆိုပြီး သူက ဆွဲယူချင်တာ။ ကျွန်တော်တို့ဘက်က တင်ပြတာက နိုင်ငံ တော် သမ္မတရဲ့ မှတ်ယူခွင့်က သူတင်ရမယ့်သုံးယောက်တင် မဟုတ်ဘဲနဲ့ အားလုံးကို စုစည်းပြီး ကိုးယောက်စလုံးအပေါ်မှာ အကျုံးဝင်တယ်။ အဲ့ဒါကို သူတင်ရမယ့် သုံးယောက်တည်းအတွက်မှာ သမ္မတကတင်တဲ့ သုံးယောက်တည်းအတွက် အပေါ်မှာပဲ သဘောထားပေးမယ်ဆိုရင် သူကသမ္မတရဲ့ အခွင့်အရေးကို ချုပ်နှောင်လိုက်တာဖြစ်တယ်။ ကျဉ်းကျုတ်ပြီးတော့ ချပေးလိုက်သလို ဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်တယ်"ဟု တင်သွင်းခံရသူ ပြည်ထောင်စုလွှတ်တော်၏ အခွင့်ရပုဂ္ဂိုလ် 
ဦးအောင်ကြည်ညွန့်က ပြောဆိုသည်။

           ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးအဖွဲ့ဝင်များအား နိုင်ငံတော်သမ္မတမှ သုံးဦး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့မှ သုံးဦးစီရွေးချယ်ပေးခြင်းဖြစ်ပြီး ယင်းတို့ထဲမှ ဦးတွာလ်
ကျင်ပေါင်နှင့် ဒေါ်ခင်ဌေးကြွယ်တို့အား ဒုတိယအကြိမ် လွှတ်တော်သက်တမ်း အစတွင် အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်အဖြစ် အရည်အချင်းကိုက်ညီခြင်း ရှိ၊ မရှိ လေ့လာနိုင်ရန် ပြည့်စုံ လုံလောက်ခြင်းမရှိကြောင်း တပ်မတော်သား ကိုယ်စားလှယ်အစု အဖွဲ့မှ အဆိုတင်သွင်းခဲ့သော်လည်း ယင်းတို့နှစ်ဦးအားဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များအဖြစ် ၂၀၁၆ ခုနှစ် မတ်လက လွှတ်တော်မှ အတည်ပြုခဲ့သည်။

No comments:

Post a Comment