Thursday, January 19, 2017

ပါတီ၏ ရည်မှန်းချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိသိရှိနိုင်ရန် လုပ်ငန်း စွမ်းဆောင်ရည် လေ့လာစိစစ်ရေးအဖွဲ့  ဖွဲ့စည်းခဲ့
ကိုသာဗျော၊ နေပြည်တော်၊ ဇန်န၀ါရီ-၁၉
          အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၁၅ ရွေး ကောက်ပွဲဆိုင်ရာ ကြေညာစာတမ်းပါ အချက်များ နှင့် ကိုက်ညီမှု ရှိ၊ မရှိ အပေါ် အစိုးရ အဖွဲ့ဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ လုပ်ငန်း စွမ်းဆောင်ရည် လေ့လာ စိစစ်ရေး အဖွဲ့ကို ဖွဲ့စည်း ထားကြောင်း ဗဟို အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောဆိုသည်။ 

         "လွှတ်တော် သက်တမ်းကလည်း တစ်နှစ်ရှိပြီ။ အစိုးရသက်တမ်းကလည်း တစ်နှစ်နီးပါး ရှိပြီဆိုတဲ့ အခါကျတော့ သူတို့ရဲ့စွမ်းဆောင်မှု တွေက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲတုန်းက ထုတ်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ကြေညာစာတမ်းမှာပါတဲ့ ရည်မှန်းချက်တွေနဲ့ ဘယ်လောက်အထိ ကိုက်ညီမှုရှိ သလဲ၊ဘာတွေ လွဲနေသလဲ၊ ဘာတွေ လိုနေသလဲ၊ နောက် လူတစ်ဦးချင်းရဲ့ လွှတ်တော်ထဲမှာ စွမ်းဆောင်တဲ့ စွမ်းဆောင်ချက်တွေ၊ သူတို့မေးတဲ့ မေးခွန်းတို့၊ အဆိုတို့ စသဖြင့်အဲဒီသူတို့တစ်ဦးချင်းရဲ့ အရည်အချင်းကို ဆန်းစစ်တာပေါ့"ဟု ယင်းအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန် ယူဆောင်ရွက်မည့် ဦးဝင်းထိန်က     ပြော ဆိုသည်။
          တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွှတ်တော် ကိုယ်စားလှယ် ၈၈၃ ဦး၏ လုပ်ငန်းဆောင်ရွက်မှုကို သုံးသပ်သွားမည်ဖြစ်ပြီး လိုအပ်သူများကို သင်တန်းများ ၊ အလုပ်ရုံဆွေးနွေးပွဲများ လုပ်ဆောင်ပေး သွားမည် ဖြစ် ကြောင်း ဦးဝင်းထိန်က ဆက်
လက်ပြောဆိုသည်။

         "၈၈၃ ယောက်ရဲ့ အနေအထားကို သုံးသပ်မှာလေ။ သုံးသပ်ပြီးတော့မှ တော်တဲ့သူတွေ၊ သာမန်စွမ်းဆောင် ရည်လုပ်နိုင်တဲ့သူတွေကိုတော့ ဘာမှပြောစရာ မရှိဘူး။ လိုတယ်လို့ထင်တဲ့ သူတွေကိုတော့ အစိုးရအာဏာ မယူ ခင်တုန်းက လုပ်သလိုပေါ့။ တိုင်းနဲ့ပြည်နယ် အလိုက် သင်တန်း တွေ ပေးတယ်။ နောက်သူတို့ဘာသာသူတို့ လုပ်တဲ့ Workshop တွေရှိတယ်"ဟု ဆို သည်။

          လေ့လာဆန်းစစ် တွေ့ရှိချက်များအား နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ တင်ပြ ဆုံးဖြတ်ချက်ရယူကာ ထောက်ပြ အကြံပြုသွားမည်ဖြစ် ကြောင်း ယင်းအဖွဲ့ခေါင်းဆောင် ဦးဝင်းထိန်က ပြော ကြားသည်။ 

          "တွေ့တာကို သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆီ တင်ပြရမယ်။ ဆုံးဖြတ်တာတော့ သူတို့ ဆုံးဖြတ်မယ်။ လွှတ် 
တော်နဲ့ ပတ်သက်လို့ရှိရင်တော့ လွှတ် တော်က အရေးယူမှာ။ အစိုးရနဲ့ ပတ် သက်လို့ ရှိရင်တော့ သမ္မတနဲ့ နိုင်ငံတော်အတိုင်
ပင်ခံတို့က ဆုံးဖြတ်မှာပေါ့။ တွေ့ရှိချက်တင်ပြမယ်။ ဘယ်လို အရေးယူသင့်တယ် ဆိုတာလဲ ထောက်ပြ အကြံပြုရမှာပေါ့"ဟု အဖွဲ့၏ လုပ်ငန်းစဉ်များကို မီဒီယာများသို့ ပြောကြားသည်။

         အစိုးရ အဖွဲ့ဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ လုပ်ငန်းစွမ်းဆောင်ရည် လေ့လာစိစစ်ရေး အဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဝင်းထိန်က တာဝန်ယူပြီး အဖွဲ့ဝင်များအဖြစ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ အရန် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်၊ မန္တလေးတိုင်းအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးတင်ထွဋ် ဦးနှင့် ဗဟိုကော်မတီဝင် ဒေါ်လဲ့လဲ့ဦးတို့ဖြင့် ဖွဲ့စည်း ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ကြေညာချက် အမှတ် ၂/၀၁/ ၂၀၁၇ ဖြင့် ဇန်န၀ါရီ ၁၉ ရက်က ထုတ်ပြန်သည်။

No comments:

Post a Comment